International News

အိန္ဒိယအစိုးရက တိုင်းပြည်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံကို တိုင်းတာခန့်မှန်းရန် ပုဂ္ဂလိက အေဂျင်စီတစ်ခုအား ဖိတ်ခေါ်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံခန့်ရှိလာမည့် တိုင်းပြည်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက် အအုံ၏ အမှန်တကယ်ရှိမည့်အရွယ်အစားကို တိုင်းတာရန် ပုဂ္ဂလိကအေဂျင်စီတစ်ခုအား ငှားရမ်းရန် စီစဉ်လျက်ရှိကြောင်း တရားဝင်စာရွက် စာတမ်းတစ်ခုအရ သိရသည်။ အဆိုပါရွေးချယ်ထားသောအေဂျင်စီသည် ၎င်း၏တာဝန်ကို အချိန်ကိုးလတာကာလအတွင်း အပြီးသတ်ဆောင်ရွက်ရမည်ဖြစ်သည်။၎င်းအေဂျင်စီသည် ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံ၏ အရွယ်အစားခန့်မှန်းချက်နှင့် လက်ရှိဘဏ္ဍာရေးနှစ်မှ ၂၀၂၉-၃၀ ခုနှစ်အထိ ခန့်မှန်းချက်အစီရင်ခံစာ(မူကြမ်း)ကို ရွေးချယ်ခံရသည့်နေ့မှ သီတင်းပတ် ၃၂ ပတ်အတွင်း အိန္ဒိယအီလက်ထရွန်းနစ်နှင့် အိုင်တီဝန်ကြီးဌာန (MeitY) သို့တင်ပြသွားရမည်ဖြစ်သည်။

အဆိုပြုလွှာများဖိတ်ခေါ်စာ(RFP)တွင် တိုင်းတာမှုမူဘောင်ရေးဆွဲခြင်း၊ အချက်အလက်ကောက်ယူခြင်းနှင့် ဒစ်ဂျစ်တယ်ဝင်ရောက်စွက်ဖက်မှုများကို ဖော်ထုတ်ခြင်းအပါအဝင် အိန္ဒိယနိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံအား ခန့်မှန်းခြင်းနှင့် တိုင်းတာခြင်းနယ်ပယ်တွင် အဆိုပြုလွှာများကို ဖိတ်ကြား ရန်ရည်မှန်းထားကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။ အပြီးသတ်အစီရင်ခံစာတွင် ပြည်နယ်အလိုက် အဆင့်သတ်မှတ်ချက်များနှင့် နိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံတွင် ၎င်းတို့၏ ပါဝင်မှုအချိုးအစားကိုလည်း တိုင်းတာဖော်ပြရန်နှင့် ပြည်နယ်များ၏ စီးပွားရေးအဆောက်အအုံတစ်ခုချင်းအပေါ် e-commerce နှင့် ပေါ်ပေါက်လာသောနည်းပညာများ၏ သက်ရောက်မှုကိုလည်း လေ့လာထည့်သွင်းဖော်ပြရမည်ဖြစ်သည်။

"အစိုးရနှင့်ပုဂ္ဂလိက/လူမှုရေးကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် အိန္ဒိယအသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စုပေါင်းလုပ်ဆောင်ရန် လိုအပ်သည်" ဟု အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။MeitY သည် “India's Trillion Dollar Digital Opportunity” ဟူသော ခေါင်းစဉ်ဖြင့် အိုင်တီ အခြေခံအဆောက်အအုံ၊ ဆော့ဖ်ဝဲလ်စွမ်းဆောင်ရည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပညာပေးလုပ်ငန်းမှ မျိုးဆက်သစ်ဘဏ္ဍာရေးဝန်ဆောင်မှုများအထိပါဝင်သည့် ဒစ်ဂျစ်တယ်အကြောင်းအရာ ၃၀ ကို ခွဲခြားသတ်မှတ်ပေးသည့်အစီရင်ခံစာကို အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ စီးပွားရေးတန်ဖိုးတစ်ရပ်ကို ဖန်တီး နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်ဖန်တီးမှု ၆၀ မှ ၆၅ သန်းအထိ ဖြစ်ပေါ်စေမည်ဟု ၎င်းက ခန့်မှန်းထားသည်။ “စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကဲ့သို့ကဏ္ဍများသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှ စီးပွားရေးတန်ဖိုးအမေရိကန်ဒေါ်လာ ၃၉၀ မှ ၅၀၀ ဘီလီယံအထိ အကျိုး ဖြစ်ထွန်းစေမည်”ဟု ၎င်း စာတမ်းက ထပ်လောင်းပြောကြားခဲ့သည်။

Google၊ Temasek နှင့် Bain & Company တို့၏ပူးတွဲအစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၏အင်တာနက်စီးပွားရေးသည် ခြောက်ဆတိုးလာပြီး ၂၀၃၀ ခုနှစ်တွင် ဒေါ်လာ ၁ ထရီလီယံထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံ၏ အင်တာနက်စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၅၅ မှ ၁၇၅ ဘီလီယံရှိမည်ဟု ၎င်းအစီရင်ခံစာက ခန့်မှန်းထားသည်။ ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် Broadband India Forum မှ တာဝန်ပေးထားသော အစီရင်ခံစာတစ်ခုတွင် အိန္ဒိယနိုင်ငံ၏ အက်ပ်စီးပွားရေး(app economy)သည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၉၂ ဘီလီယံခန့်သို့ရောက်ရှိရန် ခန့်မှန်းထားပြီး နိုင်ငံ၏ခန့်မှန်း GDP အမေရိကန်ဒေါ်လာ ၆ ဒဿမ ၅၉ ထရီလီယံ၏ ၁၂ ရာခိုင်နှုန်း ဖြစ်လာမည်ဟု ဖော်ပြထားသည်။

ရည်ညွှန်း။ The Hindu Businessline

https://www.thehindubusinessline.com/economy/government-to-hire-agency-to-estimate-size-of-digital-economy/article67060049.ece

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

                                                                                             

                                                                                             

 

 

Category: International News